Showing posts with label နောင့်ရဲ့ဘဝ. Show all posts
Showing posts with label နောင့်ရဲ့ဘဝ. Show all posts
Tuesday, 8 February 2011
ဘဲတစ်ကောင်ရဲ့ဟာသ
☼... လှိုင်းလုံးကြီးတွေ ရိုတ်ခတ်ဖန်များလာခဲ့တော့    ငါ့အမွေးတောင်ပံ၊ ငါ့ခြုံလွှာတွေ ရော်ရင့်လို့ အရင်လို တောက်ပြောင်မှု မရှိတော့ဘူး ။ 
☼... လှိုင်းလုံးကြီးတွေကြား ကူးခတ်ဖန်များလာခဲ့တော့    ငါ့ခြေထောက်တွေ စုတ်ပြဲလို့ လှိုင်းကြီးတွေကို ကျော်ဖြတ်အန်တုဖို့ မစွမ်းနိုင်တော့ဘူး ။ 
 ☼... လှိုင်းတွေလည်းကြမ်း သမုဒ္ဒရာအလယ်ကိုလည်း ရောက်နေခဲ့တော့    ငါခိုနားရမယ့် ကမ်းစပ်ရယ် အရမ်းဝေးလွန်းလို့ လှမ်းတောင်မမြင်နိုင်တော့ဘူး ။
 ☼... မွေးရပ်ရေမြေကနေ လှပတဲ့အိမ်မက်တွေမက်ရင်း ထွက်ခွာလာခဲ့တော့   အခုလိုညစဉ်တိုင်း နှိုပ်စက်တဲ့အိမ်မက်ဆိုးတွေရယ် ခြောက်ခြားလွန်းလို့   အေးအေးချမ်းချမ်းမအိပ်နိုင်တော့ဘူး ။ 
 ☼... အပေါင်းအဖော်တွေနဲ့ ဝေးကွာ တစ်ကောင်ထဲနေခဲ့တော့ ငါ့အပေါင်းအဖော်တွေလှမ်းတွေ့တဲ့အခါ  နှုတ်ဆက်ရမယ့်ငါ့ဘာသာစကားရယ် 
နှုတ်ဖျားကတောင်ထွက်မလာနိုင်တော့ဘူး  ။ 
 ☼... တစ်ကောင်ထဲနေရဖန်များလာခဲ့တော့  လေလှိုင်းကြားထဲက   မေမေ့အသံတောင်မှ   နွေးထွေးမှုကို မခံစားမိနိုင်တော့ဘူး  ။ 
 ☼... တစ်ကောင်ထဲနေခဲ့ရဖန်များလာခဲ့တော့    အပေါင်းအဖော်တွေကိုသတိရတိုင်း ငါ့ရှေ့က ခလုပ်ပါတဲ့ မှန်သားပြင်ပေါ်မှာ ရှာဖွေနေမိတာ  ကြာလာတော့ ငါချစ်တဲ့ ငါ့အပေါင်းအဖော်တွေကို  သူတို့တတွေရှိနေတဲ့  မှန်သားပြင်ကြီးလောက်  သံယောဇဉ်မရှိလေတော့ဘူး  ။
 ☼... အရပ်လေးမျက်နှာ မက ကောင်းကင်ပေါ်ကပါ  ငါးဘက်ငါးတန် ရေတွေစီးဝင်ကြတော့    အခုငါကူးခပ်နေတဲ့ရေပြင်ဟာ  ငြိမ်သက်မှုတွေ စိုးစိငယ်မျှကို ဘယ်လိုမှမရှိနိုင်တော့ဘူး  ။ 
 ☼... မောပန်းနွမ်းလျှစွာ ကူးခတ်ဖန်များလာတော့မှ    စိမ့်စမ်းရေတွေနဲ့ တည်ငြိမ်လန်းဆန်းနေတဲ့  ငါ့ရဲ့မွေးမြေ ကန်ရေပြင်ငယ်လေးဆီ  အပြေးပြန်  ကူးခပ်ချင်ပါပြီ   ။ 
 ☼... သြော် ....  တောင်ပံကျိုးပဲ့  ခြေထောက်ရယ်ကျိုးပဲ့နေပြီ  ဒီဒဏ်ရာ အနာတွေရယ် ကုလို့မပျောက်နိုင်ပြီမို့  သေရမယ်သာ လွတ်လမ်းမမြင်တော့ ။ အထိအရှ ဒဏ်ရာတွေနဲ့   မေမေ့ရင်ခွင်မှာ ထာဝရ အိပ်တော့မယ်  ။
 ☼... သြော် .... ငါ့ခမျှာ ရီစရာပဲ ... ချစ်သူပျော်ရွှင်နေတဲ့နေ့မှာမှ ....  ချစ်ကြသူများရဲ့နေ့  ၊ သူတို့တွေ ပျော်ပါစေကြောင်းတောင်းဆုပေးဖို့ စကားလုံးမဲ့ပြီကော ။  ...... ။
Thursday, 20 January 2011
ရက်သေ နှင်းဖုံး နောင့်နှလုံးအိမ်
အဏုမြူလက်နက် စွမ်းအင်ထက်လည်း
    မဖက်ပြိုင်ရာ စိတ်ကသာ၏
   လျှပ်ဝါမိုးကြိုး  လျှင်တန်ခိုးလည်း
   တူနိုင်းဆိုင်လာ  စိတ်ကသာ၏
   ထွေထွေစွမ်းခြင်း ထိုစိတ်မင်းလည်း
   နှလုံးစေရာ သူ့ဆီသာသို့
   သည်ချစ်မေတ္တာ ၊ စမ်းရေပမာ နှင့် ၊ ပမာနိုင်းဆို မပြောလိုဘူး ၊ ထိုစမ်းရေမှာ ခန်းတတ်လို့ ။
   မဟာသမုဒ်  နက်လှဟုတ်လည်း
   မယုတ်မှန်စွာ  စိတ်ကသာ၏
   ကဲတက်သင်္ချာ  စိတ်ကသာ၏
    ထွေထွေစွမ်းခြင်း ထိုစိတ်မင်းလည်း
   နှလုံးစေရာ သူ့ဆီသာသို့
   သည်ချစ်မေတ္တာ ၊ လစန္ဒာနှင့် ၊ ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုစန္ဒာ တိမ်လွှာ လွှမ်းတတ်လို့ ။
   မဟာပထ၀ီ  လေးသည်ထက်လည်း
   စီးသည်ချိန်မှာ  စိတ်ကသာ၏
   စွမ်းပါဘိခြင်း  သည်စိတ်မင်းလည်း
   နှလုံးစေရာ သူ့ဆီသာသို့
   သည်ချစ်မေတ္တာ ၊ ပန်းရွှေကြာနှင့် ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုပန်းရွှေကြာ နွမ်းတတ်လို့ ။
   လူရည်ညံ့ညံ့  ငကြောက်ရွံ့ ၏
   နောက်တွန့်စွဲသုံး  သည်းနှလုံးဝယ်
   အရှုံးကိုပင်
   ပေးချင်ဆက်ဆက်  ဦးခေါင်းဝှက်သည်
   ငှက်ကုလားအုပ်  မှိုင်ကုပ်ကုပ်တည့် ။
   နေမင်းအရှိန် နှလုံးအိမ်ဖြင့် ၊ နှင်းပွင့်ဝေသီ ချစ်ကျွန်းဆီသို့
   အပူရုပ်နှင့် လွှမ်းအုပ်ကာဆို ၊ မသွားလိုဘူး ၊ စနိုးရုပ်ကလေး အရည်ပျော်မှာစိုးတတ်လို့ ။
။။။
 ။
Sunday, 31 October 2010
ရေဆန်အလှဆီ..
ဘဝဆိုတည်း ၊ ထိုလှေကြီးကို 
 မိုင်နှစ်ဆယ်လုံးလုံး ၊ ဖရီးသုံးကာ 
မျောကာစုန်ဆင်း ၊ လှော်ခတ်ခြင်းမဲ့ 
 အကွေ့အကောက် ၊ ဒိုက်ပုံတောပုံ 
 ရွှံ့အိုင်အစုံ ၊ ရေမှော်တောကြား 
 ရောက်သော်ငြားလည်း ၊ လှေလှော်တက်မ 
 တစ်ချက်ကယ်သော် ၊ ငါမလှော်ခဲ့မိဘူး...။ 
 ခုများကျသော် ၊ ဘဝရေဆန် 
 မာယာခက်ထန် ၊ ခရီးဆန်မှ 
 ရေစုန်တုန်းက ၊ မှတ်သားမဲ့စွာ 
 သတိမပါ၍ ၊ လမ်းပျောက်လုလု 
မှန်းရမ်းအန်တု ၊ ခရီးအခုမှာ 
 အားကုန်စိုက်ထုတ် ၊ တွန်းထိုးကုတ်ခဲ 
 ချွေးသံရဲရဲဖြင့် ၊ အတင်းလှော်ခတ် 
 ဆန်တက်အပ်လည်း ၊ ရွက်ကယ်မနိုင် 
 တက်မခိုင်တော့ဘူး ၊ လှေအိုယိုရွဲ့ 
 ဖာတရာထေး ၊ ယဲ့ယဲ့လေးဖြင့်  
 မနိုင်သည့်ဝန် ၊ လွင့်ကာသွန်လို့ 
 ရေဆန်အဆုံး ၊ လှော်ရအုံးမည် ...။ 
 နှလုံးတည်ရာ ၊ မှန်းမြင်ကာဖြင့် 
တစိုက်မတ်မတ် ၊ မလှော်ဝံ့ပြီ 
 ကွေ့သင့် ကောက်သင့် ၊ ကျန်တာမြင်ထား 
 ငါ့အိမ်မက်မှာ ၊ (ငါ)တွေသာများရင် 
 ရေဆန်လှော်သား ၊ ခရီးဆုံးမှာလား 
 ........
 ရွက်အိုတစ်ရွက် ၊ တက်တိုတစ်လက် 
 ခုများငါ့ဆီ ၊ ကျန်နေသေး၍ 
 ရေဆန်အလှဆီ လှော်ရအုံးမည် ။
 ရွက်အိုဘယ်တော့  တပ်ရပါ့ ၊ 
 တက်တိုဘယ်တော့  ခတ်ရပါ့ ၊ 
 ပဲ့ကိုင်မှာဘယ်တော့  ရပ်ရပါ့ ... 
 သြော် ...... 
 ခရီးတော့ ...  တစ်ဝက်ကျိုးပြီ ထင်ပါရဲ့လေ ... ။
Monday, 22 February 2010
ရက် သေ
အမည်းရောင်ရိုက်ချက်များနဲ့ငါ့ကို     အနီရောင်မိုးကောင်းကင်ဆီမှ 
 ကမ္ဘာမြေပေါ်ပြိုလဲကျစေခဲ့ပြီ
 နွေးထွေးတဲ့     နောက်ဆုံးမျက်ရည်စတွေကို  
 ငါ့လက်ထဲမှာတင်းတင်းဆုပ်ကိုင်ထားရင်းနဲ့ရယ် လေ
 မြေပြင်ပေါ်ပြိုလဲကျတုန်း  အနီရောင်ရဲ့အပိုင်းအစတွေနဲ့ 
အချိန်တွေလောင်ကျွမ်းအပြီးမှာ
 အဖေဆီကအမွှေရလိုက်တဲ့   ဒီလောကကြီးကို  ငါမုန်းတီးတတ်လာခဲ့ပေါ့ 
 အဝေးဆုံးကငါ့ဆီလွင့်ပျံလာဆဲ    ရိုင်းစိုင်းတဲ့နေ့ရက်များမှာ 
  နာကျည်းခြင်းအပြည့်လောကလူသားတွေက   ငါ့ကိုသားကောင်ပမာ 
ငါ့ ကံတရားရဲ့မျက်နှာမလှပနိုင်မှတော့ 
 ပင်လယ်ပြင်ကျယ်ကြီးထဲမှာ  ငါသက်ပြင်းရှည်ကြီးသွားချလိုက်တော့မယ် 
တဖြည်းဖြည်းနဲ့နီးလို့လာတဲ့  အေးစက်စက်ခေါင်းလောင်းသံဟာ 
 အရာရာကိုဖောက်ခွဲခဲ့လို့ 
ငါ့နှလုံးသားနဲ့အစာအိမ်တို့ရဲ့တောင်းတမူ့ကို ဖြည့်ဆည်းဖို့မလွယ်မှတော့ 
ကမ္ဘာမြေရဲ့နောက်ဆုံးနေ့ဆီသို့ငါလှမ်းတော့မယ် 
 ကွယ်နေတဲ့မျက်လုံးတွေနဲ့  ငါ့ကိုကြည့်ကာ အပြစ်ဖွဲ့ခဲ့လို့ 
 မိုး အက်ကွဲကြောင်းများ     အရှိန်အဟုန်နဲ့ပြင်းစွာ 
အဖြူရောင်ရေစီးများအဖြစ်စီးစေဖို့
ညိုးနွမ်းနေတဲ့  ငါ့စကားသံနဲ့ သီချင်းတပုဒ်ရေးဖွဲ့လိုက်တာ 
 ဥစ္စာမဲ့စွာ  ငါ့ရင်ထဲမှာ  အထီးကျန်ခြင်းနဲ့သာကျန်တော့တာ 
ကောင်းကင်ရဲ့အစွန်းက  ငါညီးငြူ အော်ကာပြိုလဲကျခဲ့တဲ့  
ဒဏ်ရာအပြည့်တွေနဲ့ ဒီညမှာ    ငါသေသွား  ဘာထူးအုံးမလဲ  
အားလုံးနဲ့အဆုံးသတ်မယ်ဆိုမှ      အဆိုးများကဟားတိုက်ရီနေတာ
 ကြိမ်စာတွေသင့် ငါ့အဖြစ်ရယ်လို့ 
 ဝမ်းနည်းပက်လက်  ခွန်အားမဲ့နေသူရယ်လေ 
တဖြည်းဖြည်းခြင်းနီးကပ်လာတဲ့  အဆုံးသတ်ချိန်ထိတိုင် 
အမှန်တရားကို  ငါငြင်းပယ်  အရွှဲ့တိုက်ချင်နေမိတယ်
 အကြိမ်တိုင်း  ငါ စားသုံးနေကျ      အသိခက်တဲ့ ပုစ္ဆာတွေ ၊
အလိုဆန္ဒတွေပြင်းပြတဲ့ ကစားဝိုင်းရဲ့  အညစ်အကြေးတွေ ဟာ
ကြမ်းတမ်းတဲ့လက်တစုံလို   ငါ့ရဲ့ စောင်းကြိုးကို ဖြတ်တောက်လိုက်တာ
အရာရာဟာ ပြီးပြည့်စုံစွာ ပျက်စီးသွားပြီကော
 နူးညံသိမ်မွှေ့ရုံ  မျက်ဝန်းတစုံရယ် 
 လှပသေသပ်ပန်း  သွေးနုတ်ခမ်းရယ် 
ရွှေရောင်ချယ်ထား   ငွေအရေပြားရယ် 
ငါမက်မောခဲ့ဖူးပြီးခဲ့ပါပြီ ။
Sunday, 14 February 2010
သံယောဇဉ်ကြိုး
ငါ့ခရောင်းလမ်းငါတိုး  
 ငါ့နှင်းဆီငါပျိုးခဲ့တာ  
ငါကဆိုးသတဲ့လား။
 ငါ့အချစ်လမ်းငါသွား 
 ငါ့သံယောဇဉ်ငါထားခဲ့တာ
 ငါကမှားသတဲ့လား။ 
ငါ့မှိုင်း ငါမိ 
 ငါ့အသိငါရှိခဲ့တာ 
 ဘာသတိမှမလို 
 ငါ့စိတ်ငါသိလို့ 
ငါ့အချစ်နဲ့ ငါမောတာ 
 ငါအလွယ်ပြောတယ်လို့ 
 မင်းထင်စရာမလို  
မင်းလမ်းကိုငါသွား 
 ငါ့လမ်းကိုမင်းလျှောက် 
ဘာမှတွေးကြောက်စရာမလို 
 ငါ့ကိုယ်ငါဒူးထောက်
 မင်းရှေ့မှာရောက်နေလို့
မင်းခေါင်းငုံခိုင်းလည်းရတယ် 
မင်းစိတ်ကိုငါသိလို့ 
သံယောဇဉ်ငါဖြစ်မိတာ 
 စောလွန်းတယ်မဆိုလို
 မင်းလမ်းမင်းသွားလို့ 
ငါ့တည်းထဲဘဲကျန်လည်း 
 ငါ့အမှား  မင်းအမှန် 
အယူခံမလိုဘူး ။
Monday, 4 January 2010
အမှားနဲ့ပုစ္ဆာ နှစ်
မေ့ဖို့ကြိုးစား      ငါရင်ထဲက
စိတ်မဲ့ရက်          သေနိုင်စွမ်းသမျှ
ဒီအဖြစ်တွေ      ငါ   မေ့   မယ်။
ဘဝနဲ့ရင်းခဲ့အချစ်တွေ        နောက်ဆုံးကျ
အဆုံးသတ်ခဲ့တဲ့         အချစ်ရေ
ဘာကြောင့်မင်း    စွန့်   ခွာ    ခဲ့။
ပူလောင်တဲ့အတွေးတွေ
အချိန်တိုင်းငါ့ကိုပေး ။
ကမ္ဘာပျက်နေ့တွေ
တစ်ယောက်ထဲငါ့မှာဟေးးး ။
။..................။
မင်းမရှိတော့တဲ့နောက်  ငါနေထိုင်ခြင်းက
အချစ်နဲ့ဘဝအကြောင်းတွေ ငါစဉ်းစား
ငါ   မ   သိ။
နာကျဉ်သောစိတ်မှာ  တစုံတခုမှားနေပြီ။
ခံစားချက်တွေ  သေဆုံးလို့နေပြီ။
။..................။
နင်ထွက်ခွာသွား  တဘက်စွန်းအရပ်ဆီ
ငါမျှော်ကြည့်ရင်း
ရင်မှာကြေကွဲခြင်း  ဒီဒါဏ်ရာတွေ
ငါ့ရင်ထဲအပြည့်လေ ။
ငါမသိနိုင်တဲ့   ကွာဝေးအချစ်ဆီ
နင်ပျံသန်းရင်း
မျှော်လင့်တဲ့   ဒီဘဝတွေ
ပြန်မဆုံနိုင်
တသက်လုံးဘဲ
တို့   တ    တွေ    ဝေးးးး။
 စိတ်မဲ့ရက်   သေနိုင်စွမ်းသမျှ
ဒီအဖြစ်တွေ   ငါမေ့မယ် ။
။....။
။.........။
Sunday, 3 January 2010
အမှားနဲ့ပုစ္ဆာ တစ်
မျှော်လင့်တိုင်းလဲ
မတူညီခဲ့တဲ့ဘဝက လက်တွေ့ပေါင်းစပ်ရန်မလွယ်
နင်မုန်းပစ်လိုက်ပါအချစ်
မဆုံမှန်းလဲသိလာတဲ့ တို့ဘဝမှာ
ငါဆိုတာအရှုံးပေးတတ်သူ။
ပျော်ရွှင်ခြင်းနဲ့
အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းလေးအခုတော့လေကြေကွဲ
မျှော်ငေးလို့ကြည့်ရုံလေး
ဘာမှမတတ်နိုင် မင်းနဲ့ငါ အခြေအနေအရဝေးရတော့မယ်
ပြင်ဆင်ခွင့်နောက်ကျခဲ့ပြီ။
ခါးသီးတဲ့အချစ်တခုကို
ကြိုးစားမင်းမေ့လိုက်ပါတော့ .............
နာကြည်းခြင်းများစွာနဲ့
စီးဆင်းသွားမဲ့ မျက်ရည်စက်နဲ့အတူ
ငါဆိုတာ မင်းမေ့လိုက်ပါ
မဆုံနိုင်တဲ့တို့ရဲ့တသက်တာ။
တကယ်ဆိုတို့တွေ
အရူးအမူး ချစ်ခဲ့သူပါ အချစ်ရေ
မရေရာ အားတင်းရင်း
မျှော်လင့်ရရုံသာ   ဘဝတွေ
တချိန်ချိန်ဝေးရအုံးမယ်  သိထားလည်း
ကြိတ်မှိတ်ဟန်ဆောင်ကာ  ရှေ့ဆက်
ပြောရစ်ကြဖူးတယ်ချစ်ရယ်
တချိန်မှာတို့   ဝေးရမယ် .......
.....................................
........
..
အတင်းညှိယူ
တို့တွေရဲ့သီအိုရီလား။
။ ။ ။ ။
Friday, 1 January 2010
ဆယ်စုနှစ် ရာစုနှစ်
မတွေ့မိလိုက်ယုံနဲ့ အရေးကြီးရသလိုဘဲ
မင်းကွဲပြားပုံနဲ့ အဖြစ်အပျက်တွေသက်ဝင်နေဆဲဘဲ
မင်းမရှိတော့ပေမယ့် မင်းရှိတုန်းကလိုဘဲ
စိတ်မှာဖြေသိမ့်ခဲ့။
ခါးသီးခဲ့ပေမယ့် အခုထက်ထိချိုမြိန်ဆဲဘဲ
လွမ်းဆွတ်မူ့တွေအရင်အတိုင်းဘဲ
အခုထိငါ့တယောက်ထဲ သတိရမူ့တွေနဲ့
အသားကျလို့နေခဲ့ မင်းစိတ်နဲ့အသက်ရှင်ရပ်တည်နေဆဲဘဲ
မင်းမသိတော့ပေမယ့် မင်းသိဖို့ခက်သလိုဘဲ
ဟိုးအရင်အတိုင်းဘဲကွယ်
ပြီးဆုံးခဲ့ပေမယ့် ခုထက်ထိဆိုနေတုန်းဘဲ
အလွမ်းနဲ့ရေးတဲ့ ဒီသီချင်းဘဲ
ဆယ်စုနှစ်တွေတိုင်
အသက်ရှူတိုင်းငါမင်းကိုမမေ့နိုင်
အော် .. မ.... မေ့ .... နိုင် ......
ဆယ်စုနှစ်သစ်တမ်းချင်း
Friday, 25 December 2009
XMas တမ်းချင်း
ဒီဇင်ဘာနေ့ ၊ ၂၀၀၉ မှာလည်း
ကိုယ်ရေကံငယ် ၊ ( ဒီဇင် ) ဖယ်သော်
ခမ်းဘုံဘဝ ၊ စိတ္တဇနေ့
တသလွင့်မျှော ၊ အတောမသတ်
ခရစ္စမတ်မှာ ၊ လိပ်ပြာမကပ်ဘူး။
နိမ့်တုံမြင့်တုံ ၊ တနေ့ကုန်ပြီ
ရက်မဟာလည်း ၊ တယောက်ထည်းကိုယ်
နာကျဉ်နှလုံး ၊ မချိပြုံးနှင့်
လမ်းဟောင်းမှာဘဲ ၊ တဝဲဝဲတည်း ။
စာနာသိထား ၊ အသင်အားလည်း
လှိုက်လှဲမေးဖော် ၊ မရှိသော်ကား
ဒီနောင့်ရင်မှာ ၊ အကြင်နာတေး
ငယ်ဖော်လေးအား ၊ သယ်လာပေးသည်
ထားရက် ပစ်ရက် ၊ နေရက်လေခြင်း
ငြူ စူကင်းစေ ၊ ဒီဇင်ဘာတေး
နားဆင်သောတ ၊ ဖြေသိမ့်ကြစေ ။
တသလွင့်မိ နောင့်အသိဆီ
Sunday, 20 December 2009
ရေမုဆိုး
အို ... တံငါ
လှေဦးကရပ် ၊ ခြေနှင့်ခတ်လို့
ဆောင်းကတစ်ဖက်၊ လှေတစ်ခွက်နှင့်
မှိတ်မသုန်တန့် ၊ လှော်တက်ခတ်ကာ
ဝမ်းရေးတွက်မို့၊ ငရဲလမ်းလည်း  .......   သွားရတယ်။
အို ....  တံငါ
မိုးယံမလင်း ၊ ကြယ်ရောင်ဆင်းနဲ့
လှေပေါ်မှာအိပ် ၊ တရေးမှိတ်၍
အိပ်ပျက်ခါခါ ၊ ရှိပါသော်ငြား
ဇနီးသားနဲ့၊ စီးပွားတက်ဖို့
ရေကြည်စိမ်းမြ ၊ နောင့်အလှဆီ
အားထည့်မာန်နဲ့သွားရတယ်။
Sunday, 13 December 2009
တို့ပေါင်
ဘွားဘွားနင်းဆန့်၊ဆူးပြည့်လမ်းမှာ
မြေးဖို့ဖေးကူ၊ သူပေးထူသော
ကြယ်စင်ကွန်းပတ် (စ်) ၊ထိုဖိနပ်နှင့်
လျားရှည်သွားခက် ၊ လောကနက်ထဲ
မြေးလူမမယ် ၊ ယိမ်းကာသယ်ပြီ
ဘွားဘွားစောင့်လင့် ၊ ကြိုလေမည်လား။
ဘွားဘွားသင်ကြား ၊ ဆိုစကားလည်း
မြေးအဖို့ငှာ ၊ သင်ခန်းစာတည်း
ဘွားမဲ့တဲ့နောက် ၊ ထပ်ထပ်ခေါက်တွေး
တန်ဖိုးလည်းသိ ၊ ကြားချင်မိသည်
အခွင့်တဖန် ၊ ကြုံအုံးမည်လား။
လောကဓံငြိုး ၊ သေလုဆိုးပါစေ
ဘဝနေညီ ၊ သုညဆီမှ
အခြေတိုးမြင့် ၊ ကျန်ကောင်းသင့်အောင်
ခေါင်းမော့ရင်ကော့ ၊ တုပြိုင်တော့သည်
ဇာနည်သတ္တိ ၊ ရှိချင်မိငြား
ဘွားဘွားလိုပြု ၊ တုနိုင်မည်လား။
လွင့်မျှောလှိုင်းထန် ၊ အထီးကျန်တိုင်း
ဘဝဒဏ်ပြည့် ၊ မျက်ရည်စို့တိုင်း
ထည်လဲဒုက္ခ ၊ ဆုံကြုံရတိုင်း
တမ်းတဟစ်ခေါ် ၊ မျှော်မည်သာတည်း
ဘွားဘွားသွေးလို  ရဲပါမည်လား။
ဘွားဘွားအတွက်သားသားရဲ့ဆုပါ။
Thursday, 19 November 2009
ဝဲ့ငယ်
၁၁.၉.၈၇ တွင်၊လောကထဲသို့
လူငယ်တစ်ယောက်၊ထွန်းပေါက်ခဲ့၏
အောင်မြင်ခရီး၊ပန်းတိုင်ကြီးသို့
သူ့လမ်းသူထွင်၊ဂုဏ်ယူဝင့်ကြွား
ငယ်သောသားသည်၊မျိုးဆွေများတွက်
ကြွားဝင့်ဂုဏ်ရည်၊တင့်ခဲ့ပေတည်း။
ငယ်သော်ကသား၊ကြီးသော်အားဟု
ဝံ့ကြွားမိဘ၊ဆိုနိုင်ကြပြီ။
သဘင်သည်လမ်း၊သူခက်လှမ်းစဉ်
မျက်မမြင်ဘဲ၊ညီထွေလိုက်လျော
မိဘဇောနှင့်၊ကိုယ့်သားထွန်းပေါက်
မြေတောင်မြှောက်ထား၊မိဘတို့အား
ခါအားလျော်ညီ၊လုပ်ကြွေးပြီတည့်
ဤသည်လူမယ်၊မောင်သားငယ်အား
မျိုးကောင်းသားလို့၊ဆိုနိုင်ကြပြီ။
ဝပ်တွားရိုသေ၊အစ်ကိုတွေအား
ချစ်ထားစိတ်ဖြူ၊ကူညီလှူ၍
ကြောက်မရွှံသား၊ဦးထိပ်ထားလျက်
မြဲမြံချစ်ခင်၊ပျော်ရွှင်စေသော
ထိုညီငယ်အား၊အစ်ကိုတို့က
ဝံ့ကြွားညီကို၊ဆိုနိုင်ကြပြီ
အစ်ကိုတွေချစ်သောညီငယ်လေး။
အဖေအမေချစ်သောညီငယ်လေး။
အယ်သားငယ်ရေ...... ကိုကို..ငယ့် ကို ချစ်တယ်...
ဝဲ့ညီ
၇.၉.၈၅..၊လောကထဲသို့
ညီလတ်သားမြတ်၊ထွန်းပေါက်ခဲ့၏
ကြီးကိုရိုသေ၊ငယ်ကိုသနား
ညီနဲ့ကိုကြား၊ဗျာများတတ်သူ
စိတ်မှာတမူ၊ထူးတဲ့လူသို့
ဂွမ်းနှယ်ရင်ဘတ်၊သူရှိခဲ့၏
ဒါကမေဖို့၊ဖေအဖို့နှင့်
ကိုဖို့ညီဖို့၊ပါးမြဲလက်ဆောင်
သူပြန်ခရီး၊ကြည်နူးစေတတ်
ဤညီလတ်ကို၊ကိုများညီများ
ဖေမေများက၊ဆိုကုန်ကြပြီ
ဘက်ညီလူသား၊ပြိုင်စံရှားတည်း။
အစ်ကိုဖေးမ၊ညီကိုတွဲထား
သူ့လက်များသည်၊သက်လုံးညီစေ
မိသားစုထဲ၊မယိုင်လဲအောင်
အိမ်တွင်းသူကြီး၊သူပြုစည်း၍
မျိုးဂုဏ်ကိုထိန်း၊သူ့သမိုင်းအား
စံမီလူသား၊ညီ့စိတ်ထားဟု
အမျိုးများက၊ဆိုနိုင်ကြပြီ
ကိုတို့ညီတို့၊ဖေမေတို့၏
ချစ်သောညီလတ်ဖြစ်ပေတည်း။
မျိုးဆွေချစ်သောညီလတ်တည်း။
ညီညီရေ...ကိုကို ညီ့ ကိုချစ်တယ်.....
မွေ့နှင့်ဖ
ကိုးလလွယ်ထား၊ဒုက္ခများတောင်
အပြုံးမပျက်၊ရင်သွေးသက်ကို
ချစ်ကြည်ယုယ၊၁၁.၉.၈၃ မှ
လောကအလယ်၊အယ်ကိုသားကြီး
အယ်ညီလူလတ်၊သားငယ်လူထွေး
ဖွားမြှောက်စေသည့်၊မွေးသမိခင်
ကျွေးဖခင်အား၊စိတ်မှာမှန်းရည်
လက်ဆယ်ဖြာမိုး၊ရှိခိုးပါ၏
ကျေးဇူးရှင်ဖေဖေနဲ့မေမေ။
ရင်သွေးလူမယ်၊ထွန်းဖို့ရွယ်၍
ဒုက္ခနွံခက်၊ခွန်းမျိုသိပ်လျှက်
သုံးဆယ်နှစ်ကြာ၊ဥစ္စာမှီးသည့်
သားများအမေ၊ကျွေးဖေဖေအား
ကိုယ်ချင်းစာသိ၊သားငိုမိ၏
ကြွေးသစ်ကြွေးဟောင်း၊နှစ်ခါလောင်းကို
သားတို့တဖန်၊ဆပ်ရစေလို့
လက်ဆယ်ဖြာမိုး၊ရှိခိုးပါ၏
ကျေးဇူးရှင်ဖေဖေနဲ့မေမေ။
လိုက်လိုက်လှဲလှဲ၊ပြုံးပြုံးပျော်ပျော်
ပေါ့ပေါ့ပါးပါး၊သားတို့အားနှင့်
သက်တောင့်သက်သာ၊နေကြပါတော့
မျိုးဂုဏ်မြင့်ကြောင်း၊လွှဲလက်ပြောင်း၍
တဖန်သားတို့၊ကြိုးပါရစေ
သားတို့ချစ်သောဖေဖေနဲ့မေမေ။