Sunday 20 March 2011
အင်းလေး အင်းပေါခုံ ရေယဉ်မယ်များ မှတ်တမ်း (၃)
 အင်းပေါခုံရွာတွင်  ကိုယ့်ရွာဆီသို့ ဖောင်တော်ဦးဘုရား ကြွရောက်လာမယ့် အကြိုနေ့၌ ရွာသူရွာသားလူငယ်များက ဘုရားဖောင်တော်ကို ကြို မည့် ဆွဲလှေကြီးများကို ငြမ်းခတ်ဆင်ခြင်း ၊ ဖောင်တော်ဆွဲမည့်ကြိုးများ တပ်ဆင်ခြင်း ၊ ဘုရားထီးဖြူ   ငှက်ပျောပင် အစရှိတို့ တပ်ဆင်ခြင်း ၊ စက္ကူ သာသနာ့ အလံများ  လွင့်ထူခြင်း အစရှိသည်တို့ ပြုလုပ်ကြပါသည် ။ ရွာသူ ရွာသားလူငယ် လူပျိုမောင်မယ်တချို့ တို့သည် တာဝန်ကိုယ်စီ ခွဲဝေယူကြ၍ ရာဇမတ် ယက်လုပ်ခြင်း ၊ ရာဇမတ် ကာခြင်းများကို ဘုရားကြွရောက်လာမည့် ရေလမ်းတလျောက်တွင် ဆင်ယင်ကြတော့သည် ။  ရှေးရိုးရာအစဉ်အလာ ရှေးထုံးအတိုင်း လိုက်နာကြ၍ ရွာဦးဘုန်းကြီးဦးဆောင်မှုအောက်မှ လူပျိုမောင်မယ်တို့ နာခံ ကုသိုလ်ယူကြပါသည်။   ရွာမိရွာဖ အဘိုး အဘွားတို့က ရွာဦး ဘုန်းကြီးကျောင်း ဝေယာဝဉ္ဇ များပြုလုပ်ကုသိုလ်ယူကြသည် ။ဘုရားပုလ္လင်ရှေ့၌  ဘုရားထံ ဆက်ကပ်မည့် ဆွမ်းတော်ကြီး ပြင်ဆင်သည့်အဖွဲ့များက ရာသီချိန်အလိုက်ထွက်သည့် သီးနှံ ပန်းမံများကို အလှပဆုံးကြည်ညိုဖွယ်ဖြစ်စေရန် ပြင်ဆင်ကြလေတော့သည် ။   ဘုရားဖောင်တော်၌ လိုက်ပါလာကြမည့် ဆရာတော်ဘုန်းကြီးများ သီတင်းသုံးနားနေဖို့ နေရာထိုင်ခင်းပြင်ဆင်ခြင်း ၊ ဆေးကွမ်း လက္ဘက် ရေနွေးခွက်များ ခင်းကျင်းခြင်း ၊ ဆရာတော်များ ဆွမ်းဖုံးပေးသုံးဆောင်ရာ ဆွမ်းစားခန်းအတွင်း စားပွဲများခင်းခြင်း ၊ သောက်ရေသုံးရေဖြည့်ခြင်း ၊ ဆွမ်းချိုင့်များသန့်စင်ခြင်း အစရှိသည်များကို လူလတ်ပိုင်းများက တာဝန်ယူကြသည် ။ လူလတ်ပိုင်းတချို့တို့သည် ဘုရားဖောင်တော်ဆွဲသည့်လှေများ၌ လိုက်ပါလာကြမည့် လှေလှော်သားများ ၊ ရွာသို့လာလည်ကြသော ဧည့်သည်များ ကို အလှူထမင်းကျွေးမည့်ကိစ္စအား လုပ်ဆောင်ကြပါသည် ။ အင်းပေါခုံရွာတွင် ဖောင်တော်ဦး ဘုရား (၄) နာရီခန့်သာစံတော်မှုသည်ဖြစ်၍ ပရိတ်သတ်တို့အား အကျွေးမွေး ကိစ္စကို အချိန်တိုနိုင်သမျှတိုတောင်းစေရန် ရောက်ရှိလာသည့် ပရိတ်သတ်များအား တစ်သုတ်ထဲအပြီးတပြိုင်ထဲ ထမင်းကျွေးမွေး ဧည့်ခံကြလေသည် ။ လှေလှော်သားများနှင့် ဧည့်သည်ပရိတ်သတ် (၂)ထောင်ခန့်ကို တပြိုင်ထဲ ကျွေးမွေးရသည်ဖြစ်၍ ကျွေးမွေးဧည့်ခံရာ၌ ရွာသားတို့လစ်ဟင်းလိုအပ်သည်ဖြစ်ငြား ဧည့်သည်များက ချီးကျူးနေတတ်ကြပေသည် ။ ဤသို့သော အကြိုနေ့များ၌ လစ်ဟာမှုမရှိစေရန် ဆောင်ရွက်နိုင်ပါမှ ရွာသို့ဘုရားကြွရောက်လာသည့်နေ့၌ ရွာသားများ အလှည့်စီ ဖောင်တော်ဦးဘုရားအား ဖူးမျှော်ကန်တော့နိုင်မည်ဖြစ်သည် ။ အင်းသူညီမငယ်များကလည်း ဘုရားဖောင်တော် ကြိုရန် ဆွဲလှေ ရေယာဉ် ကိစ္စများ တာဝန်ယူဆောင်ရွက်ကြပါသည် ။ အလှရေယာဉ်အတွက် ညီမငယ်လေးများသည် ဖောင်တော်ဦးဘုရားရွာသို့ ကြွရောက်ဖို့ (၄) (၅) ရက်အလိုကတည်းက တက်တက်ကြွကြွ ပြင်ဆင်နေတတ်ကြသည် ။ ထိုအကြိုည တစ်ညလုံး၌ ကာလသားများက တစ်ညလုံးမအိပ်ပဲ ရပ်ရွာလုံခြုံရေး မီးရေးထင်းရေး ကိစ္စများအတွက် တာဝန်သိ ကင်းစောင့်ကြပါတော့သည် ။  ...... ဤသို့ ဤသို့သော ဘုရားအပူဇော်ခံကြွရောက်ခြင်းအတွက် ပြင်လို့ဆင်လို့ပြီးဆုံးသည်နှင့်  ဖောင်တော်ဦးဘုရား  ဖောင်တော် ကလည်းနောက်ထပ်တစ်ရွာ ဒေသစာရီခရီးတဖန်ကြွချီတော်မှုပြန်သွားပါတော့သည် ။ ဆိုလိုသည်မှာ ပြင်လို့ဆင်လို့လည်းပြီးပြီ ပွဲကလည်းပြီးပြီ ဆိုသည့်အတိုင်း မနားမနေ ကုသိုလ်ယူကြပါသည် ။ ဟိုးအရင်တချိန် တုန်းကတော့ အင်းပေါခုံရွာ၌ ဖောင်တော်ဦးဘုရား တစ်ည ကျိန်းဝပ်အပူဇော်ခံခဲ့ပါသည် ။ ညကျိန်းအပူဇော်ခံရာတွင် တာဝန်ကြီးလေးသည်ဖြစ်ရာ ရွာ၏လူဦးရေတစ်နှစ်ထက်တစ်နှစ် နည်းပါးလာသည့်အတွက် ညကျိန်းတာဝန်ယူနိုင်မည့် အခြားကျေးရွာတစ်ရွာသို့ တာဝန်လွဲပြောင်း လိုက်ပါသည် ။ 
 စာကြွင်း ။    ။ အင်းပေါခုံရွာဘုရားရောက်မည့်အကြိုနေ့ ကုသိုလ်ယူပုံကို                ကျွန်တော်          မှတ်မိသလောက်ရေးထားပါသောကြောင့် အမှားပါခဲ့ပါက နယ်သားတို့က ကျွန်တော် အယ်ကိုအားခွင့်လွတ်ပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။
Tuesday 8 February 2011
ဘဲတစ်ကောင်ရဲ့ဟာသ
☼... လှိုင်းလုံးကြီးတွေ ရိုတ်ခတ်ဖန်များလာခဲ့တော့    ငါ့အမွေးတောင်ပံ၊ ငါ့ခြုံလွှာတွေ ရော်ရင့်လို့ အရင်လို တောက်ပြောင်မှု မရှိတော့ဘူး ။ 
☼... လှိုင်းလုံးကြီးတွေကြား ကူးခတ်ဖန်များလာခဲ့တော့    ငါ့ခြေထောက်တွေ စုတ်ပြဲလို့ လှိုင်းကြီးတွေကို ကျော်ဖြတ်အန်တုဖို့ မစွမ်းနိုင်တော့ဘူး ။ 
 ☼... လှိုင်းတွေလည်းကြမ်း သမုဒ္ဒရာအလယ်ကိုလည်း ရောက်နေခဲ့တော့    ငါခိုနားရမယ့် ကမ်းစပ်ရယ် အရမ်းဝေးလွန်းလို့ လှမ်းတောင်မမြင်နိုင်တော့ဘူး ။
 ☼... မွေးရပ်ရေမြေကနေ လှပတဲ့အိမ်မက်တွေမက်ရင်း ထွက်ခွာလာခဲ့တော့   အခုလိုညစဉ်တိုင်း နှိုပ်စက်တဲ့အိမ်မက်ဆိုးတွေရယ် ခြောက်ခြားလွန်းလို့   အေးအေးချမ်းချမ်းမအိပ်နိုင်တော့ဘူး ။ 
 ☼... အပေါင်းအဖော်တွေနဲ့ ဝေးကွာ တစ်ကောင်ထဲနေခဲ့တော့ ငါ့အပေါင်းအဖော်တွေလှမ်းတွေ့တဲ့အခါ  နှုတ်ဆက်ရမယ့်ငါ့ဘာသာစကားရယ် 
နှုတ်ဖျားကတောင်ထွက်မလာနိုင်တော့ဘူး  ။ 
 ☼... တစ်ကောင်ထဲနေရဖန်များလာခဲ့တော့  လေလှိုင်းကြားထဲက   မေမေ့အသံတောင်မှ   နွေးထွေးမှုကို မခံစားမိနိုင်တော့ဘူး  ။ 
 ☼... တစ်ကောင်ထဲနေခဲ့ရဖန်များလာခဲ့တော့    အပေါင်းအဖော်တွေကိုသတိရတိုင်း ငါ့ရှေ့က ခလုပ်ပါတဲ့ မှန်သားပြင်ပေါ်မှာ ရှာဖွေနေမိတာ  ကြာလာတော့ ငါချစ်တဲ့ ငါ့အပေါင်းအဖော်တွေကို  သူတို့တတွေရှိနေတဲ့  မှန်သားပြင်ကြီးလောက်  သံယောဇဉ်မရှိလေတော့ဘူး  ။
 ☼... အရပ်လေးမျက်နှာ မက ကောင်းကင်ပေါ်ကပါ  ငါးဘက်ငါးတန် ရေတွေစီးဝင်ကြတော့    အခုငါကူးခပ်နေတဲ့ရေပြင်ဟာ  ငြိမ်သက်မှုတွေ စိုးစိငယ်မျှကို ဘယ်လိုမှမရှိနိုင်တော့ဘူး  ။ 
 ☼... မောပန်းနွမ်းလျှစွာ ကူးခတ်ဖန်များလာတော့မှ    စိမ့်စမ်းရေတွေနဲ့ တည်ငြိမ်လန်းဆန်းနေတဲ့  ငါ့ရဲ့မွေးမြေ ကန်ရေပြင်ငယ်လေးဆီ  အပြေးပြန်  ကူးခပ်ချင်ပါပြီ   ။ 
 ☼... သြော် ....  တောင်ပံကျိုးပဲ့  ခြေထောက်ရယ်ကျိုးပဲ့နေပြီ  ဒီဒဏ်ရာ အနာတွေရယ် ကုလို့မပျောက်နိုင်ပြီမို့  သေရမယ်သာ လွတ်လမ်းမမြင်တော့ ။ အထိအရှ ဒဏ်ရာတွေနဲ့   မေမေ့ရင်ခွင်မှာ ထာဝရ အိပ်တော့မယ်  ။
 ☼... သြော် .... ငါ့ခမျှာ ရီစရာပဲ ... ချစ်သူပျော်ရွှင်နေတဲ့နေ့မှာမှ ....  ချစ်ကြသူများရဲ့နေ့  ၊ သူတို့တွေ ပျော်ပါစေကြောင်းတောင်းဆုပေးဖို့ စကားလုံးမဲ့ပြီကော ။  ...... ။
Wednesday 2 February 2011
အင်းသားမျိုးနွယ်
By LadyPhyu.
ရှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေနယ် ၊ အင်းလေးဒေသတစ်ဝိုက်မှာ အခြေစိုက်နေထိုင်ကြတဲ့ လူမျိုးစုတစ်စုကို အင်းသားလူမျိုး လို့ခေါ်ပါတယ်။ အခြေစိုက်နေထိုင်သူများလို့  ဆိုရာမှာ အင်းလေးရေပြင်ပေါ်နေထိုင်သူများ နဲ့ ရေတစ်ဝက်ကုန်းတစ်ဝက်နေထိုင်သူများ အားလုံးကိုဆိုလိုပါတယ် ။
    ကျွှန်တော်တို့ အင်းသားလူမျိုးတွေဟာ  သည်ဒေသရဲ့ မူလတိုင်းရင်းသားများ ဟုတ်တယ်၊ မဟုတ်ဘူးလို့  ကျွှန်တော်တို့ ကိုယ်၌ကလည်း ယနေ့ထိတိုင် ခိုင်လုံတဲ့ အထောက်အထား ရှာဖွေနေဆဲပါပဲ ။  ကျွန်တော်တို့ဟာ ရှမ်းပြည်နယ်ရဲ့ လူမျိုးစုတစ်စု ဖြစ်ပေမယ့် ရှမ်းထက် မြန်မာဆန်ကြပါတယ် ။ စကားအသံ လေယူလေသိမ်း တွေက  အလွန်ရှေးကျတဲ့  မြန်မာစကားသံနဲ့ တူလှတယ် ။ မျက်နှာပုံပန်း ကိုယ်ခန္ဓာအချိုးအဆက်တွေက မြန်မာနဲ့ပိုဆင်ကြတယ် ။ အဲဒါကြောင့် ကျွန်တော်တို့တွေဟာ တိဗက်-မြန်မာ အနွယ်ဝင် လူမျိုးစုတစ်စု
 ဖြစ်နိုင်ချေရှိတယ်လို့ ယူဆနိုင်ပါတယ် ။ စကားလုံးဝေါဟာရဆိုရင် ရခိုင်လူမျိုး ၊ ထားဝယ်လူမျိုးတို့ရဲ့ စကားလုံးနဲ့ဆင်တူတာတွေရှိတယ် ။  ရခိုင် ၊ ထားဝယ် လူမျိုးအုပ်စုခွဲတွေနဲ့ နီးစပ်ဆင်တူတဲ့ လူမျိုးစုတစ်စု လည်းဖြစ်နိုင်ပါတယ် ။ အချို့လူတွေကတော့ ကျွန်တော်တို့ကို ထားဝယ်လူမျိုးမှ ဆင်းသက်ဆက်နွယ်တယ်လို့ ဆိုကြတယ် ။
   ....... အင်းလေးလူ့ရိပ်မြုံအတွင်းမှာတော့ ဘိုးစဉ်ဘောင်ဆက်ကနေ ယနေ့ထိတိုင် အဆင့်ဆင့်ပြောဆို လက်ဆင့်ကမ်းလာတဲ့ ဒဏ္ဍာရီ (၂) ပုဒ်ရှိလေရဲ့ ။
....ပထမ ယုံကြည်မှု ဒဏ္ဍာရီ က .. အေဒီ ၁၀၄၄ ပုဂံပြည့်ရှင်တစ်ပါးဖြစ်တဲ့ ၊ မြန်မာ့နန်းရိုးစခဲ့တဲ့ ၊ ပထမမြို့တည် ၊ နန်းတည် ဘုရင်အနော်ရထာရဲ့ မြစ်တော်ကြီး
ဘုရင်အလောင်းစည်သူ ဟာ တိုင်းပြည်တနံတလျား ခရီးသွားရာမှာ ထားဝယ်သားတို့ နောက်တော်ပါးအဖြစ်လိုက်ပါကြတယ် ။ ဘုရင်အလောင်းစည်သူ အင်းလေးကန်ဆီ ရောက်စဉ်အခိုက် ထားဝယ်သားတို့ကို အင်းလေးဒေသမှာ အခြေချနေထိုင်ဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့တယ် ။ အင်းလေးကန်ရဲ့ ပထဝီအနေအထားက ထားဝယ်သားတို့ရဲ့ နေထိုင်ကြီးပြင်းရာ (တနသ`်ာရီ ) ကမ်းရိုးတန်း ရေမြေအနေအထားနဲ့ အတော်ဆင်တူတာကြောင့် ထားဝယ်သားတို့ကို အင်းလေးကန်မှာနေထိုင်ဖို့
ဘုရင်အလောင်စည်သူမင်းကြီးက အရပ်တစ်ခုသတ်မှတ်ပေးခဲ့တယ် ။ ဘုရင်အလောင်းစည်သူမင်းကြီးဟာ သာသနာတော်မြတ် စည်ပင်၊ ပြန့်ကား၊ ထွန်းကားဖို့ လိုလားသူဖြစ်တဲ့အလျောက်
 မဟာဗောဓိသား၊သရက္ခာန် နံ့သာနှစ်သား နဲ့ မြတ်စွာဘုရား ရုပ်ပွားတော်(၅)ဆူ ထုလုပ်တော်မူပြီး (သန်းတောင်ရွာ) အရပ်မှာတည်ထားကိုးကွယ်ခဲ့တယ် ။  ဘုရား ဝေယာဝစ္စ အတွက် ထားဝယ်သားတို့နေခဲ့ရတာလည်းဖြစ်နိုင်တယ် ။ (သန်းတောင်ရွာ)ဒေသခံ အင်းသားတွေ ရှိနှင့်နေပြီးသားလည်းဖြစ်နိုင်ပါတယ် ။
 .........ဒုတိယ ယုံကြည်မှု သဏ္ဍာရီ က ..
 ကျွန်တော်တို့တတွေဟာ ဟိုး..ပုဂံခေတ်အစမှ ဘိုးဘွားဘီဘင်အစဉ်လိုက် အင်းလေးဒေသ ဖက်ကို ဆင်းသက်နေထိုင်လာခဲ့ကြတာ ဘုရင်အလောင်းစည်သူ မရောက်မှီကတည်းကဖြစ်တယ်  ။ ဘုရင်အလောင်းစည်သူ ရောက်အလာ အင်းသားတို့ကိုယ်၌က ဖောင်စကြ`်ာအတွက်   ရေတပ်မတော်အဖြစ် အမှုထမ်းလိုလှတာကြောင့် ကိုယ့်ဆန္ဒတွေကို    ဘုရင်ဆီလျောက်တင်ခွင့်ပန်လို့ မြန်မာတံခွန် တောင်စွန်အရပ်ရောက်အောင်  
လိုက်ပါလာခဲ့ကြတယ် ။ ဘုရင်ခွင့်ပြုချက်နဲ့ အခြေကျနေဖို့ ဒေသတစ်ရပ်ဖွင့်ခဲ့တာ
  ထိုမှနောင်  ယခုတိုင်အောင် ထားဝယ်အမည်နဲ့ တည်ဆဲရှိတယ်လို့ ... အင်းသားတို့ရဲ့ ဒုတိယ ယုံကြည်မှု ဒဏ္ဍာရီပါ ။
 ........ယနေ့ယခုတိုင်အောင်ပဲ အင်းရေပြင်အောက်မှာကျွန်းတုံးကျွန်းသားအထပ်ထပ်နဲ့ မြင်နေရတာကတော့  
ဘုရင်မင်းမြတ် နန်းတော်စိုက်တည်ရာ ဖြစ်ပုံရပါတယ် ။ ကျွန်တော်တို့လူမျိုးတွေဟာ ဘုရင်အလောင်းစည်သူ ကြွရောက် မလာခင်ကတည်းက နေထိုင်နေကြသလား ၊ ဘုရင်ကြွရောက်ပြီးမှ နေထိုင်ကြသလား လို့ယနေ့ထက်တိုင် ခိုင်လုံတဲ့  အထောက်အထားတွေနဲ့ သိချင်နေမိကြပါတယ် ။ မိုင်ပေါင်းများစွာဝေးကွာပြီး ဒေသနှစ်ခုမှာနေထိုင်ကြတဲ့ လူမျိုးနှစ်စုဟာ ဘာသာစကားတူနေကြတာ အဲဒီလူမျိုးနှစ်စုဟာ ဆက်နွယ်ခဲ့ဖူးလို့ ဖြစ်နိုင်ပါတယ် ။ 
ဒီလို အသိရခက်တဲ့ ဒဏ္ဍာရီ (၂) ပုဒ်ကြောင့် ထားဝယ် နဲ့ အင်းသား ဘယ်ကစသလဲလို့ ဘယ်သူမှ ဆင်ခြေပေး ၊ မှတ်ချက်ပြု  ခြင်းမပြုကြတော့ပါ ။ ...
...........ဒါကြောင့်မို့ ကျွန်တော်တို့လူမျိုးစုကို  (တိုင်းနောင့်)လို့ ရှမ်းဘာသာနှင့်ခေါ်ဆိုကြပြီး ၊ (မန့်နောင့်) လို့လည်း ခေါ်ဆိုကြပါတယ် ။ (တိုင်းနောင့်) ရေထဲမှာနေသော ရှမ်းကလေးများလို့ အဓိပ္ပါယ်ရပြီး ၊ (မန့်နောင့်) ရေထဲမှာနေသော မြန်မာများ လို့ခေါ်ဆိုကြပါတော့တယ်။
စာကြွင်း ။    ။ ကျွန်တော် လေ့လာဖတ်ရှု့ မှတ်သားခဲ့သမျှ  မျှသာ ။ အမှားပါခဲ့ပါက                         ကျွန်တော်နဲ့သာ  သက်ဆိုင်ပါသည် ။
                   ကျွန်တော်မှားသည်များ၊ လိုအပ်သည်များကို  သင်ပြပေးဖို့                                  တောင်းပန်အပ်ပါသည် .. နယ်သား ...
Thursday 20 January 2011
ရက်သေ နှင်းဖုံး နောင့်နှလုံးအိမ်
အဏုမြူလက်နက် စွမ်းအင်ထက်လည်း
    မဖက်ပြိုင်ရာ စိတ်ကသာ၏
   လျှပ်ဝါမိုးကြိုး  လျှင်တန်ခိုးလည်း
   တူနိုင်းဆိုင်လာ  စိတ်ကသာ၏
   ထွေထွေစွမ်းခြင်း ထိုစိတ်မင်းလည်း
   နှလုံးစေရာ သူ့ဆီသာသို့
   သည်ချစ်မေတ္တာ ၊ စမ်းရေပမာ နှင့် ၊ ပမာနိုင်းဆို မပြောလိုဘူး ၊ ထိုစမ်းရေမှာ ခန်းတတ်လို့ ။
   မဟာသမုဒ်  နက်လှဟုတ်လည်း
   မယုတ်မှန်စွာ  စိတ်ကသာ၏
   ကဲတက်သင်္ချာ  စိတ်ကသာ၏
    ထွေထွေစွမ်းခြင်း ထိုစိတ်မင်းလည်း
   နှလုံးစေရာ သူ့ဆီသာသို့
   သည်ချစ်မေတ္တာ ၊ လစန္ဒာနှင့် ၊ ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုစန္ဒာ တိမ်လွှာ လွှမ်းတတ်လို့ ။
   မဟာပထ၀ီ  လေးသည်ထက်လည်း
   စီးသည်ချိန်မှာ  စိတ်ကသာ၏
   စွမ်းပါဘိခြင်း  သည်စိတ်မင်းလည်း
   နှလုံးစေရာ သူ့ဆီသာသို့
   သည်ချစ်မေတ္တာ ၊ ပန်းရွှေကြာနှင့် ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုပန်းရွှေကြာ နွမ်းတတ်လို့ ။
   လူရည်ညံ့ညံ့  ငကြောက်ရွံ့ ၏
   နောက်တွန့်စွဲသုံး  သည်းနှလုံးဝယ်
   အရှုံးကိုပင်
   ပေးချင်ဆက်ဆက်  ဦးခေါင်းဝှက်သည်
   ငှက်ကုလားအုပ်  မှိုင်ကုပ်ကုပ်တည့် ။
   နေမင်းအရှိန် နှလုံးအိမ်ဖြင့် ၊ နှင်းပွင့်ဝေသီ ချစ်ကျွန်းဆီသို့
   အပူရုပ်နှင့် လွှမ်းအုပ်ကာဆို ၊ မသွားလိုဘူး ၊ စနိုးရုပ်ကလေး အရည်ပျော်မှာစိုးတတ်လို့ ။
။။။
 ။
Sunday 31 October 2010
ရေဆန်အလှဆီ..
ဘဝဆိုတည်း ၊ ထိုလှေကြီးကို 
 မိုင်နှစ်ဆယ်လုံးလုံး ၊ ဖရီးသုံးကာ 
မျောကာစုန်ဆင်း ၊ လှော်ခတ်ခြင်းမဲ့ 
 အကွေ့အကောက် ၊ ဒိုက်ပုံတောပုံ 
 ရွှံ့အိုင်အစုံ ၊ ရေမှော်တောကြား 
 ရောက်သော်ငြားလည်း ၊ လှေလှော်တက်မ 
 တစ်ချက်ကယ်သော် ၊ ငါမလှော်ခဲ့မိဘူး...။ 
 ခုများကျသော် ၊ ဘဝရေဆန် 
 မာယာခက်ထန် ၊ ခရီးဆန်မှ 
 ရေစုန်တုန်းက ၊ မှတ်သားမဲ့စွာ 
 သတိမပါ၍ ၊ လမ်းပျောက်လုလု 
မှန်းရမ်းအန်တု ၊ ခရီးအခုမှာ 
 အားကုန်စိုက်ထုတ် ၊ တွန်းထိုးကုတ်ခဲ 
 ချွေးသံရဲရဲဖြင့် ၊ အတင်းလှော်ခတ် 
 ဆန်တက်အပ်လည်း ၊ ရွက်ကယ်မနိုင် 
 တက်မခိုင်တော့ဘူး ၊ လှေအိုယိုရွဲ့ 
 ဖာတရာထေး ၊ ယဲ့ယဲ့လေးဖြင့်  
 မနိုင်သည့်ဝန် ၊ လွင့်ကာသွန်လို့ 
 ရေဆန်အဆုံး ၊ လှော်ရအုံးမည် ...။ 
 နှလုံးတည်ရာ ၊ မှန်းမြင်ကာဖြင့် 
တစိုက်မတ်မတ် ၊ မလှော်ဝံ့ပြီ 
 ကွေ့သင့် ကောက်သင့် ၊ ကျန်တာမြင်ထား 
 ငါ့အိမ်မက်မှာ ၊ (ငါ)တွေသာများရင် 
 ရေဆန်လှော်သား ၊ ခရီးဆုံးမှာလား 
 ........
 ရွက်အိုတစ်ရွက် ၊ တက်တိုတစ်လက် 
 ခုများငါ့ဆီ ၊ ကျန်နေသေး၍ 
 ရေဆန်အလှဆီ လှော်ရအုံးမည် ။
 ရွက်အိုဘယ်တော့  တပ်ရပါ့ ၊ 
 တက်တိုဘယ်တော့  ခတ်ရပါ့ ၊ 
 ပဲ့ကိုင်မှာဘယ်တော့  ရပ်ရပါ့ ... 
 သြော် ...... 
 ခရီးတော့ ...  တစ်ဝက်ကျိုးပြီ ထင်ပါရဲ့လေ ... ။