Sunday 20 March 2011

အင်းလေး အင်းပေါခုံ ရေယဉ်မယ်များ မှတ်တမ်း (၃)



 အင်းပေါခုံရွာတွင်  ကိုယ့်ရွာဆီသို့ ဖောင်တော်ဦးဘုရား ကြွရောက်လာမယ့် အကြိုနေ့၌ ရွာသူရွာသားလူငယ်များက ဘုရားဖောင်တော်ကို ကြို မည့် ဆွဲလှေကြီးများကို ငြမ်းခတ်ဆင်ခြင်း ၊ ဖောင်တော်ဆွဲမည့်ကြိုးများ တပ်ဆင်ခြင်း ၊ ဘုရားထီးဖြူ   ငှက်ပျောပင် အစရှိတို့ တပ်ဆင်ခြင်း ၊ စက္ကူ သာသနာ့ အလံများ  လွင့်ထူခြင်း အစရှိသည်တို့ ပြုလုပ်ကြပါသည် ။ ရွာသူ ရွာသားလူငယ် လူပျိုမောင်မယ်တချို့ တို့သည် တာဝန်ကိုယ်စီ ခွဲဝေယူကြ၍ ရာဇမတ် ယက်လုပ်ခြင်း ၊ ရာဇမတ် ကာခြင်းများကို ဘုရားကြွရောက်လာမည့် ရေလမ်းတလျောက်တွင် ဆင်ယင်ကြတော့သည် ။  ရှေးရိုးရာအစဉ်အလာ ရှေးထုံးအတိုင်း လိုက်နာကြ၍ ရွာဦးဘုန်းကြီးဦးဆောင်မှုအောက်မှ လူပျိုမောင်မယ်တို့ နာခံ ကုသိုလ်ယူကြပါသည်။   ရွာမိရွာဖ အဘိုး အဘွားတို့က ရွာဦး ဘုန်းကြီးကျောင်း ဝေယာဝဉ္ဇ များပြုလုပ်ကုသိုလ်ယူကြသည် ။ဘုရားပုလ္လင်ရှေ့၌  ဘုရားထံ ဆက်ကပ်မည့် ဆွမ်းတော်ကြီး ပြင်ဆင်သည့်အဖွဲ့များက ရာသီချိန်အလိုက်ထွက်သည့် သီးနှံ ပန်းမံများကို အလှပဆုံးကြည်ညိုဖွယ်ဖြစ်စေရန် ပြင်ဆင်ကြလေတော့သည် ။   ဘုရားဖောင်တော်၌ လိုက်ပါလာကြမည့် ဆရာတော်ဘုန်းကြီးများ သီတင်းသုံးနားနေဖို့ နေရာထိုင်ခင်းပြင်ဆင်ခြင်း ၊ ဆေးကွမ်း လက္ဘက် ရေနွေးခွက်များ ခင်းကျင်းခြင်း ၊ ဆရာတော်များ ဆွမ်းဖုံးပေးသုံးဆောင်ရာ ဆွမ်းစားခန်းအတွင်း စားပွဲများခင်းခြင်း ၊ သောက်ရေသုံးရေဖြည့်ခြင်း ၊ ဆွမ်းချိုင့်များသန့်စင်ခြင်း အစရှိသည်များကို လူလတ်ပိုင်းများက တာဝန်ယူကြသည် ။ လူလတ်ပိုင်းတချို့တို့သည် ဘုရားဖောင်တော်ဆွဲသည့်လှေများ၌ လိုက်ပါလာကြမည့် လှေလှော်သားများ ၊ ရွာသို့လာလည်ကြသော ဧည့်သည်များ ကို အလှူထမင်းကျွေးမည့်ကိစ္စအား လုပ်ဆောင်ကြပါသည် ။ အင်းပေါခုံရွာတွင် ဖောင်တော်ဦး ဘုရား (၄) နာရီခန့်သာစံတော်မှုသည်ဖြစ်၍ ပရိတ်သတ်တို့အား အကျွေးမွေး ကိစ္စကို အချိန်တိုနိုင်သမျှတိုတောင်းစေရန် ရောက်ရှိလာသည့် ပရိတ်သတ်များအား တစ်သုတ်ထဲအပြီးတပြိုင်ထဲ ထမင်းကျွေးမွေး ဧည့်ခံကြလေသည် ။ လှေလှော်သားများနှင့် ဧည့်သည်ပရိတ်သတ် (၂)ထောင်ခန့်ကို တပြိုင်ထဲ ကျွေးမွေးရသည်ဖြစ်၍ ကျွေးမွေးဧည့်ခံရာ၌ ရွာသားတို့လစ်ဟင်းလိုအပ်သည်ဖြစ်ငြား ဧည့်သည်များက ချီးကျူးနေတတ်ကြပေသည် ။ ဤသို့သော အကြိုနေ့များ၌ လစ်ဟာမှုမရှိစေရန် ဆောင်ရွက်နိုင်ပါမှ ရွာသို့ဘုရားကြွရောက်လာသည့်နေ့၌ ရွာသားများ အလှည့်စီ ဖောင်တော်ဦးဘုရားအား ဖူးမျှော်ကန်တော့နိုင်မည်ဖြစ်သည် ။ အင်းသူညီမငယ်များကလည်း ဘုရားဖောင်တော် ကြိုရန် ဆွဲလှေ ရေယာဉ် ကိစ္စများ တာဝန်ယူဆောင်ရွက်ကြပါသည် ။ အလှရေယာဉ်အတွက် ညီမငယ်လေးများသည် ဖောင်တော်ဦးဘုရားရွာသို့ ကြွရောက်ဖို့ (၄) (၅) ရက်အလိုကတည်းက တက်တက်ကြွကြွ ပြင်ဆင်နေတတ်ကြသည် ။ ထိုအကြိုည တစ်ညလုံး၌ ကာလသားများက တစ်ညလုံးမအိပ်ပဲ ရပ်ရွာလုံခြုံရေး မီးရေးထင်းရေး ကိစ္စများအတွက် တာဝန်သိ ကင်းစောင့်ကြပါတော့သည် ။  ...... ဤသို့ ဤသို့သော ဘုရားအပူဇော်ခံကြွရောက်ခြင်းအတွက် ပြင်လို့ဆင်လို့ပြီးဆုံးသည်နှင့်  ဖောင်တော်ဦးဘုရား  ဖောင်တော် ကလည်းနောက်ထပ်တစ်ရွာ ဒေသစာရီခရီးတဖန်ကြွချီတော်မှုပြန်သွားပါတော့သည် ။ ဆိုလိုသည်မှာ ပြင်လို့ဆင်လို့လည်းပြီးပြီ ပွဲကလည်းပြီးပြီ ဆိုသည့်အတိုင်း မနားမနေ ကုသိုလ်ယူကြပါသည် ။ ဟိုးအရင်တချိန် တုန်းကတော့ အင်းပေါခုံရွာ၌ ဖောင်တော်ဦးဘုရား တစ်ည ကျိန်းဝပ်အပူဇော်ခံခဲ့ပါသည် ။ ညကျိန်းအပူဇော်ခံရာတွင် တာဝန်ကြီးလေးသည်ဖြစ်ရာ ရွာ၏လူဦးရေတစ်နှစ်ထက်တစ်နှစ် နည်းပါးလာသည့်အတွက် ညကျိန်းတာဝန်ယူနိုင်မည့် အခြားကျေးရွာတစ်ရွာသို့ တာဝန်လွဲပြောင်း လိုက်ပါသည် ။ 

 စာကြွင်း ။    ။ အင်းပေါခုံရွာဘုရားရောက်မည့်အကြိုနေ့ ကုသိုလ်ယူပုံကို                ကျွန်တော်          မှတ်မိသလောက်ရေးထားပါသောကြောင့် အမှားပါခဲ့ပါက နယ်သားတို့က ကျွန်တော် အယ်ကိုအားခွင့်လွတ်ပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်။

3 comments:

အဖြူရောင်နတ်သမီး said...

နောက်နှစ်ကျရင် အင်းလေးကို အရောက်လာခဲ့အုံးမယ် အယ်ကိုရေ..။

တောက်ပကြယ်စင် said...

အင်းလေးကို သုံးခါရောက်ဖူးတယ်၊ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီတဲ့ပွဲနှင့် မကြုံဖူးသေးဘူး။ တစ်နေ့နေ့တစ်ချိန်ချိန် ကြုံဖူးလိမ့်မယ်လို့ မျှော်လင့်လျက်...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

myathida said...

တကယ်ကို သွားချင်ခဲ့တဲ့ အင်လေး ရယ် ဖူးချင်ခဲ့တဲ့ ဖောင်တော်ဦးဘုရား ရယ် သွားလည်ရင်း နဲ့ဖူးမျှော်မယ်
ခင်မင်ရတဲ့ အယ်ကိုနဲ့လည်း တွေ့ရတာပေါ့ကွယ်

ပျော်ရွင်မှု အစစ်အမှန်တွေ နဲ့ အမြဲတွေ့ ပါစေ