Tuesday, 8 February 2011
ဘဲတစ်ကောင်ရဲ့ဟာသ
☼... လှိုင်းလုံးကြီးတွေ ရိုတ်ခတ်ဖန်များလာခဲ့တော့    ငါ့အမွေးတောင်ပံ၊ ငါ့ခြုံလွှာတွေ ရော်ရင့်လို့ အရင်လို တောက်ပြောင်မှု မရှိတော့ဘူး ။ 
☼... လှိုင်းလုံးကြီးတွေကြား ကူးခတ်ဖန်များလာခဲ့တော့    ငါ့ခြေထောက်တွေ စုတ်ပြဲလို့ လှိုင်းကြီးတွေကို ကျော်ဖြတ်အန်တုဖို့ မစွမ်းနိုင်တော့ဘူး ။ 
 ☼... လှိုင်းတွေလည်းကြမ်း သမုဒ္ဒရာအလယ်ကိုလည်း ရောက်နေခဲ့တော့    ငါခိုနားရမယ့် ကမ်းစပ်ရယ် အရမ်းဝေးလွန်းလို့ လှမ်းတောင်မမြင်နိုင်တော့ဘူး ။
 ☼... မွေးရပ်ရေမြေကနေ လှပတဲ့အိမ်မက်တွေမက်ရင်း ထွက်ခွာလာခဲ့တော့   အခုလိုညစဉ်တိုင်း နှိုပ်စက်တဲ့အိမ်မက်ဆိုးတွေရယ် ခြောက်ခြားလွန်းလို့   အေးအေးချမ်းချမ်းမအိပ်နိုင်တော့ဘူး ။ 
 ☼... အပေါင်းအဖော်တွေနဲ့ ဝေးကွာ တစ်ကောင်ထဲနေခဲ့တော့ ငါ့အပေါင်းအဖော်တွေလှမ်းတွေ့တဲ့အခါ  နှုတ်ဆက်ရမယ့်ငါ့ဘာသာစကားရယ် 
နှုတ်ဖျားကတောင်ထွက်မလာနိုင်တော့ဘူး  ။ 
 ☼... တစ်ကောင်ထဲနေရဖန်များလာခဲ့တော့  လေလှိုင်းကြားထဲက   မေမေ့အသံတောင်မှ   နွေးထွေးမှုကို မခံစားမိနိုင်တော့ဘူး  ။ 
 ☼... တစ်ကောင်ထဲနေခဲ့ရဖန်များလာခဲ့တော့    အပေါင်းအဖော်တွေကိုသတိရတိုင်း ငါ့ရှေ့က ခလုပ်ပါတဲ့ မှန်သားပြင်ပေါ်မှာ ရှာဖွေနေမိတာ  ကြာလာတော့ ငါချစ်တဲ့ ငါ့အပေါင်းအဖော်တွေကို  သူတို့တတွေရှိနေတဲ့  မှန်သားပြင်ကြီးလောက်  သံယောဇဉ်မရှိလေတော့ဘူး  ။
 ☼... အရပ်လေးမျက်နှာ မက ကောင်းကင်ပေါ်ကပါ  ငါးဘက်ငါးတန် ရေတွေစီးဝင်ကြတော့    အခုငါကူးခပ်နေတဲ့ရေပြင်ဟာ  ငြိမ်သက်မှုတွေ စိုးစိငယ်မျှကို ဘယ်လိုမှမရှိနိုင်တော့ဘူး  ။ 
 ☼... မောပန်းနွမ်းလျှစွာ ကူးခတ်ဖန်များလာတော့မှ    စိမ့်စမ်းရေတွေနဲ့ တည်ငြိမ်လန်းဆန်းနေတဲ့  ငါ့ရဲ့မွေးမြေ ကန်ရေပြင်ငယ်လေးဆီ  အပြေးပြန်  ကူးခပ်ချင်ပါပြီ   ။ 
 ☼... သြော် ....  တောင်ပံကျိုးပဲ့  ခြေထောက်ရယ်ကျိုးပဲ့နေပြီ  ဒီဒဏ်ရာ အနာတွေရယ် ကုလို့မပျောက်နိုင်ပြီမို့  သေရမယ်သာ လွတ်လမ်းမမြင်တော့ ။ အထိအရှ ဒဏ်ရာတွေနဲ့   မေမေ့ရင်ခွင်မှာ ထာဝရ အိပ်တော့မယ်  ။
 ☼... သြော် .... ငါ့ခမျှာ ရီစရာပဲ ... ချစ်သူပျော်ရွှင်နေတဲ့နေ့မှာမှ ....  ချစ်ကြသူများရဲ့နေ့  ၊ သူတို့တွေ ပျော်ပါစေကြောင်းတောင်းဆုပေးဖို့ စကားလုံးမဲ့ပြီကော ။  ...... ။
Wednesday, 2 February 2011
အင်းသားမျိုးနွယ်
By LadyPhyu.
ရှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေနယ် ၊ အင်းလေးဒေသတစ်ဝိုက်မှာ အခြေစိုက်နေထိုင်ကြတဲ့ လူမျိုးစုတစ်စုကို အင်းသားလူမျိုး လို့ခေါ်ပါတယ်။ အခြေစိုက်နေထိုင်သူများလို့  ဆိုရာမှာ အင်းလေးရေပြင်ပေါ်နေထိုင်သူများ နဲ့ ရေတစ်ဝက်ကုန်းတစ်ဝက်နေထိုင်သူများ အားလုံးကိုဆိုလိုပါတယ် ။
    ကျွှန်တော်တို့ အင်းသားလူမျိုးတွေဟာ  သည်ဒေသရဲ့ မူလတိုင်းရင်းသားများ ဟုတ်တယ်၊ မဟုတ်ဘူးလို့  ကျွှန်တော်တို့ ကိုယ်၌ကလည်း ယနေ့ထိတိုင် ခိုင်လုံတဲ့ အထောက်အထား ရှာဖွေနေဆဲပါပဲ ။  ကျွန်တော်တို့ဟာ ရှမ်းပြည်နယ်ရဲ့ လူမျိုးစုတစ်စု ဖြစ်ပေမယ့် ရှမ်းထက် မြန်မာဆန်ကြပါတယ် ။ စကားအသံ လေယူလေသိမ်း တွေက  အလွန်ရှေးကျတဲ့  မြန်မာစကားသံနဲ့ တူလှတယ် ။ မျက်နှာပုံပန်း ကိုယ်ခန္ဓာအချိုးအဆက်တွေက မြန်မာနဲ့ပိုဆင်ကြတယ် ။ အဲဒါကြောင့် ကျွန်တော်တို့တွေဟာ တိဗက်-မြန်မာ အနွယ်ဝင် လူမျိုးစုတစ်စု
 ဖြစ်နိုင်ချေရှိတယ်လို့ ယူဆနိုင်ပါတယ် ။ စကားလုံးဝေါဟာရဆိုရင် ရခိုင်လူမျိုး ၊ ထားဝယ်လူမျိုးတို့ရဲ့ စကားလုံးနဲ့ဆင်တူတာတွေရှိတယ် ။  ရခိုင် ၊ ထားဝယ် လူမျိုးအုပ်စုခွဲတွေနဲ့ နီးစပ်ဆင်တူတဲ့ လူမျိုးစုတစ်စု လည်းဖြစ်နိုင်ပါတယ် ။ အချို့လူတွေကတော့ ကျွန်တော်တို့ကို ထားဝယ်လူမျိုးမှ ဆင်းသက်ဆက်နွယ်တယ်လို့ ဆိုကြတယ် ။
   ....... အင်းလေးလူ့ရိပ်မြုံအတွင်းမှာတော့ ဘိုးစဉ်ဘောင်ဆက်ကနေ ယနေ့ထိတိုင် အဆင့်ဆင့်ပြောဆို လက်ဆင့်ကမ်းလာတဲ့ ဒဏ္ဍာရီ (၂) ပုဒ်ရှိလေရဲ့ ။
....ပထမ ယုံကြည်မှု ဒဏ္ဍာရီ က .. အေဒီ ၁၀၄၄ ပုဂံပြည့်ရှင်တစ်ပါးဖြစ်တဲ့ ၊ မြန်မာ့နန်းရိုးစခဲ့တဲ့ ၊ ပထမမြို့တည် ၊ နန်းတည် ဘုရင်အနော်ရထာရဲ့ မြစ်တော်ကြီး
ဘုရင်အလောင်းစည်သူ ဟာ တိုင်းပြည်တနံတလျား ခရီးသွားရာမှာ ထားဝယ်သားတို့ နောက်တော်ပါးအဖြစ်လိုက်ပါကြတယ် ။ ဘုရင်အလောင်းစည်သူ အင်းလေးကန်ဆီ ရောက်စဉ်အခိုက် ထားဝယ်သားတို့ကို အင်းလေးဒေသမှာ အခြေချနေထိုင်ဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့တယ် ။ အင်းလေးကန်ရဲ့ ပထဝီအနေအထားက ထားဝယ်သားတို့ရဲ့ နေထိုင်ကြီးပြင်းရာ (တနသ`်ာရီ ) ကမ်းရိုးတန်း ရေမြေအနေအထားနဲ့ အတော်ဆင်တူတာကြောင့် ထားဝယ်သားတို့ကို အင်းလေးကန်မှာနေထိုင်ဖို့
ဘုရင်အလောင်စည်သူမင်းကြီးက အရပ်တစ်ခုသတ်မှတ်ပေးခဲ့တယ် ။ ဘုရင်အလောင်းစည်သူမင်းကြီးဟာ သာသနာတော်မြတ် စည်ပင်၊ ပြန့်ကား၊ ထွန်းကားဖို့ လိုလားသူဖြစ်တဲ့အလျောက်
 မဟာဗောဓိသား၊သရက္ခာန် နံ့သာနှစ်သား နဲ့ မြတ်စွာဘုရား ရုပ်ပွားတော်(၅)ဆူ ထုလုပ်တော်မူပြီး (သန်းတောင်ရွာ) အရပ်မှာတည်ထားကိုးကွယ်ခဲ့တယ် ။  ဘုရား ဝေယာဝစ္စ အတွက် ထားဝယ်သားတို့နေခဲ့ရတာလည်းဖြစ်နိုင်တယ် ။ (သန်းတောင်ရွာ)ဒေသခံ အင်းသားတွေ ရှိနှင့်နေပြီးသားလည်းဖြစ်နိုင်ပါတယ် ။
 .........ဒုတိယ ယုံကြည်မှု သဏ္ဍာရီ က ..
 ကျွန်တော်တို့တတွေဟာ ဟိုး..ပုဂံခေတ်အစမှ ဘိုးဘွားဘီဘင်အစဉ်လိုက် အင်းလေးဒေသ ဖက်ကို ဆင်းသက်နေထိုင်လာခဲ့ကြတာ ဘုရင်အလောင်းစည်သူ မရောက်မှီကတည်းကဖြစ်တယ်  ။ ဘုရင်အလောင်းစည်သူ ရောက်အလာ အင်းသားတို့ကိုယ်၌က ဖောင်စကြ`်ာအတွက်   ရေတပ်မတော်အဖြစ် အမှုထမ်းလိုလှတာကြောင့် ကိုယ့်ဆန္ဒတွေကို    ဘုရင်ဆီလျောက်တင်ခွင့်ပန်လို့ မြန်မာတံခွန် တောင်စွန်အရပ်ရောက်အောင်  
လိုက်ပါလာခဲ့ကြတယ် ။ ဘုရင်ခွင့်ပြုချက်နဲ့ အခြေကျနေဖို့ ဒေသတစ်ရပ်ဖွင့်ခဲ့တာ
  ထိုမှနောင်  ယခုတိုင်အောင် ထားဝယ်အမည်နဲ့ တည်ဆဲရှိတယ်လို့ ... အင်းသားတို့ရဲ့ ဒုတိယ ယုံကြည်မှု ဒဏ္ဍာရီပါ ။
 ........ယနေ့ယခုတိုင်အောင်ပဲ အင်းရေပြင်အောက်မှာကျွန်းတုံးကျွန်းသားအထပ်ထပ်နဲ့ မြင်နေရတာကတော့  
ဘုရင်မင်းမြတ် နန်းတော်စိုက်တည်ရာ ဖြစ်ပုံရပါတယ် ။ ကျွန်တော်တို့လူမျိုးတွေဟာ ဘုရင်အလောင်းစည်သူ ကြွရောက် မလာခင်ကတည်းက နေထိုင်နေကြသလား ၊ ဘုရင်ကြွရောက်ပြီးမှ နေထိုင်ကြသလား လို့ယနေ့ထက်တိုင် ခိုင်လုံတဲ့  အထောက်အထားတွေနဲ့ သိချင်နေမိကြပါတယ် ။ မိုင်ပေါင်းများစွာဝေးကွာပြီး ဒေသနှစ်ခုမှာနေထိုင်ကြတဲ့ လူမျိုးနှစ်စုဟာ ဘာသာစကားတူနေကြတာ အဲဒီလူမျိုးနှစ်စုဟာ ဆက်နွယ်ခဲ့ဖူးလို့ ဖြစ်နိုင်ပါတယ် ။ 
ဒီလို အသိရခက်တဲ့ ဒဏ္ဍာရီ (၂) ပုဒ်ကြောင့် ထားဝယ် နဲ့ အင်းသား ဘယ်ကစသလဲလို့ ဘယ်သူမှ ဆင်ခြေပေး ၊ မှတ်ချက်ပြု  ခြင်းမပြုကြတော့ပါ ။ ...
...........ဒါကြောင့်မို့ ကျွန်တော်တို့လူမျိုးစုကို  (တိုင်းနောင့်)လို့ ရှမ်းဘာသာနှင့်ခေါ်ဆိုကြပြီး ၊ (မန့်နောင့်) လို့လည်း ခေါ်ဆိုကြပါတယ် ။ (တိုင်းနောင့်) ရေထဲမှာနေသော ရှမ်းကလေးများလို့ အဓိပ္ပါယ်ရပြီး ၊ (မန့်နောင့်) ရေထဲမှာနေသော မြန်မာများ လို့ခေါ်ဆိုကြပါတော့တယ်။
စာကြွင်း ။    ။ ကျွန်တော် လေ့လာဖတ်ရှု့ မှတ်သားခဲ့သမျှ  မျှသာ ။ အမှားပါခဲ့ပါက                         ကျွန်တော်နဲ့သာ  သက်ဆိုင်ပါသည် ။
                   ကျွန်တော်မှားသည်များ၊ လိုအပ်သည်များကို  သင်ပြပေးဖို့                                  တောင်းပန်အပ်ပါသည် .. နယ်သား ...
Thursday, 20 January 2011
ရက်သေ နှင်းဖုံး နောင့်နှလုံးအိမ်
အဏုမြူလက်နက် စွမ်းအင်ထက်လည်း
    မဖက်ပြိုင်ရာ စိတ်ကသာ၏
   လျှပ်ဝါမိုးကြိုး  လျှင်တန်ခိုးလည်း
   တူနိုင်းဆိုင်လာ  စိတ်ကသာ၏
   ထွေထွေစွမ်းခြင်း ထိုစိတ်မင်းလည်း
   နှလုံးစေရာ သူ့ဆီသာသို့
   သည်ချစ်မေတ္တာ ၊ စမ်းရေပမာ နှင့် ၊ ပမာနိုင်းဆို မပြောလိုဘူး ၊ ထိုစမ်းရေမှာ ခန်းတတ်လို့ ။
   မဟာသမုဒ်  နက်လှဟုတ်လည်း
   မယုတ်မှန်စွာ  စိတ်ကသာ၏
   ကဲတက်သင်္ချာ  စိတ်ကသာ၏
    ထွေထွေစွမ်းခြင်း ထိုစိတ်မင်းလည်း
   နှလုံးစေရာ သူ့ဆီသာသို့
   သည်ချစ်မေတ္တာ ၊ လစန္ဒာနှင့် ၊ ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုစန္ဒာ တိမ်လွှာ လွှမ်းတတ်လို့ ။
   မဟာပထ၀ီ  လေးသည်ထက်လည်း
   စီးသည်ချိန်မှာ  စိတ်ကသာ၏
   စွမ်းပါဘိခြင်း  သည်စိတ်မင်းလည်း
   နှလုံးစေရာ သူ့ဆီသာသို့
   သည်ချစ်မေတ္တာ ၊ ပန်းရွှေကြာနှင့် ပမာနိုင်းဆို ၊ မပြောလိုဘူး ၊ ထိုပန်းရွှေကြာ နွမ်းတတ်လို့ ။
   လူရည်ညံ့ညံ့  ငကြောက်ရွံ့ ၏
   နောက်တွန့်စွဲသုံး  သည်းနှလုံးဝယ်
   အရှုံးကိုပင်
   ပေးချင်ဆက်ဆက်  ဦးခေါင်းဝှက်သည်
   ငှက်ကုလားအုပ်  မှိုင်ကုပ်ကုပ်တည့် ။
   နေမင်းအရှိန် နှလုံးအိမ်ဖြင့် ၊ နှင်းပွင့်ဝေသီ ချစ်ကျွန်းဆီသို့
   အပူရုပ်နှင့် လွှမ်းအုပ်ကာဆို ၊ မသွားလိုဘူး ၊ စနိုးရုပ်ကလေး အရည်ပျော်မှာစိုးတတ်လို့ ။
။။။
 ။
Sunday, 31 October 2010
ရေဆန်အလှဆီ..
ဘဝဆိုတည်း ၊ ထိုလှေကြီးကို 
 မိုင်နှစ်ဆယ်လုံးလုံး ၊ ဖရီးသုံးကာ 
မျောကာစုန်ဆင်း ၊ လှော်ခတ်ခြင်းမဲ့ 
 အကွေ့အကောက် ၊ ဒိုက်ပုံတောပုံ 
 ရွှံ့အိုင်အစုံ ၊ ရေမှော်တောကြား 
 ရောက်သော်ငြားလည်း ၊ လှေလှော်တက်မ 
 တစ်ချက်ကယ်သော် ၊ ငါမလှော်ခဲ့မိဘူး...။ 
 ခုများကျသော် ၊ ဘဝရေဆန် 
 မာယာခက်ထန် ၊ ခရီးဆန်မှ 
 ရေစုန်တုန်းက ၊ မှတ်သားမဲ့စွာ 
 သတိမပါ၍ ၊ လမ်းပျောက်လုလု 
မှန်းရမ်းအန်တု ၊ ခရီးအခုမှာ 
 အားကုန်စိုက်ထုတ် ၊ တွန်းထိုးကုတ်ခဲ 
 ချွေးသံရဲရဲဖြင့် ၊ အတင်းလှော်ခတ် 
 ဆန်တက်အပ်လည်း ၊ ရွက်ကယ်မနိုင် 
 တက်မခိုင်တော့ဘူး ၊ လှေအိုယိုရွဲ့ 
 ဖာတရာထေး ၊ ယဲ့ယဲ့လေးဖြင့်  
 မနိုင်သည့်ဝန် ၊ လွင့်ကာသွန်လို့ 
 ရေဆန်အဆုံး ၊ လှော်ရအုံးမည် ...။ 
 နှလုံးတည်ရာ ၊ မှန်းမြင်ကာဖြင့် 
တစိုက်မတ်မတ် ၊ မလှော်ဝံ့ပြီ 
 ကွေ့သင့် ကောက်သင့် ၊ ကျန်တာမြင်ထား 
 ငါ့အိမ်မက်မှာ ၊ (ငါ)တွေသာများရင် 
 ရေဆန်လှော်သား ၊ ခရီးဆုံးမှာလား 
 ........
 ရွက်အိုတစ်ရွက် ၊ တက်တိုတစ်လက် 
 ခုများငါ့ဆီ ၊ ကျန်နေသေး၍ 
 ရေဆန်အလှဆီ လှော်ရအုံးမည် ။
 ရွက်အိုဘယ်တော့  တပ်ရပါ့ ၊ 
 တက်တိုဘယ်တော့  ခတ်ရပါ့ ၊ 
 ပဲ့ကိုင်မှာဘယ်တော့  ရပ်ရပါ့ ... 
 သြော် ...... 
 ခရီးတော့ ...  တစ်ဝက်ကျိုးပြီ ထင်ပါရဲ့လေ ... ။
Sunday, 25 July 2010
အင်းလေး အင်းပေါခုံ ရေယှဉ်မယ်များ မှတ်တမ်း(၂)
၁၃၇၁- ခုနှစ် သီတင်းကျွတ်လ 
အင်းလေးဖေါင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား 
 ဒေသစာရီကြွချီစဉ်။ 
 အင်းပေါခုံရွာ လှေယာဉ်မယ်များ မှတ်တမ်း 
အပိုင်း(၂)
 ရပ်ရွာများဖွံ့ဖြိုးတိုးတက်လာသောအခါ ဖောင်တော်ဦးရုပ်ပွားတော်များကို မူလခြောက်ဌာနမှရှစ်ဌာနသို့လည်းကောင်းထိုမှတိုးတက်၍ ၁၂ဌာန၊ ၁၉ဌာန၊ ရက်ပေါင်း
၁၅ရက်ကြွချီခြင်းပြုပြီး ယခုအခါအင်းလေးကန်အရှေ့၊ အနောက်၊ တောင်၊ မြောက် ၂၁ ဌာနသို့သီတင်းကျွတ်
လဆန်း ၁ရက်မှ လပြည့်ကျော် ၃ရက်အထိ ၁၈ ရက်မျှပွဲလမ်းသဘင် အလှူ  ဒါနများတိုးကာ ကျင်းပလာခဲ့ကြ
သည်။ တိုင်းပြည်အုပ်စိုးသော မင်းအဆက်ဆက်မှ ယနေ့ထိဖောင်တော်ဦး ဘုရားရုပ်ပွားတော်များ ဒေသစာရီကြွချီပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ သီတင်းကျွတ်လဆန်း၁ရက်တွင် ကျောင်းတော်မှ အင်းတိမ်သို့ပင့်ပြီး ဒေသစာရီခရီးစဉ်စသည်။ သီတင်းကျွတ်  လပြည့်ကျော်၃ရက်တွင် မူလ စံကျောင်းတော်သို့ ပြန်ဝင်ပြီး ကျောင်းတော်ဝင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲကျင်းပသည်။  ခရီးစဉ် ၂၁ဌာနကို ၁၈ရက်ကြာသည်။     အထူးသဖြင့် ရွာမတွင်နှစ်ညအိပ်သည်။ ညောင်ရွှေမြို့တွင် သုံးညတိတိကိန်းဝပ်သည်။   ညောရွှေမြို့တွင် ရှေ့ကပင်ပွဲတော်စည်ကားသည့် အလျောက်ယခုနှစ်အထိ စည်ကားခဲ့သည်။ အဋ္ဌဒီသာစံကျောင်းတော်ကြီးတွင် စံပယ်ကာ ရပ်ဝေး ရပ်နီးဘုရားဖူး
ပြည်တွင်းပြည်ပမှလာရောက်ကြည်ညိုကြသည်။ဇာတ်အငြိမ့်ရုပ်ရှင်ပွဲဈေးတန်းများနှင့်ပြည့်နှက်နေသလို တိုင်းရင်းသားယဉ်ကျေးမှု အကပြိုင်ပွဲ၊ ပြပွဲများအင်းသားရိုးရာလှေပြိုင်ပွဲများပါကျင်းပကြသည်။
 ယခုအခါတွင် ရာကျော်လှေအမျိုးသားပြိုင်ပွဲ၊ ၄၆  တက်အမျိုးသမီးပြိုင်ပွဲ ဆွမ်းပို့လှေအလှပြင်၊ ဘုရားကြိုယိမ်း  (ရွာမ၊ အင်းပေါခုံ၊ ညောင်ရွှေလှပျိုဖြူများ)စသည်ဖြင့် ဆုရသည်။  ထို့အတူ ကျောင်းတော်ဝင်ပွဲတွင်
လည်း ထိုပြိုင်ပွဲ၊ ပြပွဲများပါဝင်ကြသည်။  ကရဝိတ်ဖောင်ကြီးကိုလည်း ယခင်က ဝါးများ၊ နှီးများဖြင့် စက္ကူကပ်
ဆေးခြယ်ရုပ်လုံးဖော်ခဲ့သော်လည်း လွန်ခဲ့သောရှစ်နှစ်ခန့်မှစ၍ လယ်ခြေရွာမှဦးလှကျော် မိသားစု၏လက်ရာ၊သံပြား၊ သံပန်းသံလှေများဖြင့် အစားထိုးတည်ဆောက်ခဲ့ပြီးဖြစ်၍ ခိုင်ခံ့လှပသော ကရဝိတ်လှေကြီးဖြစ်သည်။
ဘုရားပင့်ဆောင်ရာတွင် လင်းကင်းရွာမှ   ညောင်ရွှေမြို့သို့ပင့်ဆောင်ချိန်၊ ညောင်ရွှေမှ မိုင်းသောက်ရွာသို့ပင့်ဆောင်ချိန်၊ မိုင်းသောက်ရွာမှသလဲဦးရွာသို့ ပင့်ဆောင်ချိန်အင်းလယ်မှ တွေ့ရဖူးရသောရှုခင်းများသည်ဓါတ်ပုံဗီဒီယို မှတ်တမ်းတင်၍ အကောင်းဆုံးအချိန်များပင်ဖြစ်သည်။ နံနက်ဆည်းဆာ၊    ညနေ ဆည်းဆာရှုခင်းအကောင်းဆုံးဘုရားပင့်နေရာများမှာ ရွှေအင်းတိမ်မှ ရွာမသို့တောင်ပိုင်းကျိုင်းခမ်းရွာမှ မိုင်းပျိုးသို့ပင့်ဆောင်ချိန်
နန်းပန်ရွာသို့ ပင့်ဆောင်ချိန်တို့သည် သီတင်းကျွတ်လပြည့်နှင့်တိုက်ဆိုင်သော   အဖိတ်နေ့ အခါနေ့များဖြစ်၍
ဘုရားကြိုလှေများတွင်မီးပုံများ မီးပူဇော်ကြ၊ ဓမ္မစကြာရွတ်ကြသော အသံများကြောင့် လွမ်းမော်ဖွယ်ရှုခင်းနှင့်အတူ ကြည်နူးသောမြင်ကွင်းများကို တွေ့ရပေသည်။ ၂၀၀၈ခုနှစ်အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို
စက်တင်ဘာ  ၃၀ ရက်မှ အောက်တိုဘာ ၁၇ရက်
(သီတင်းကျွတ်လဆန်း ၁ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ရက်) အထိကျင်းပခဲ့သည်။